ပိတောက်ကတဲ့ဂီတ ( Unicode )

ပိတောက်ကတဲ့ဂီတ ( Unicode ) 

ဇာတ်ကားကိုစဖွင့်လိုက်ကတည်းက မန္တလေး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကို မျက်နှာသစ်တာနဲ့ စဖွင့်လိုက်တယ်။ ပြီးတော့ စိန်ရောင်ခြည်ဘုရားပင့် အဖွင့်သံစဉ်လေးက ငြိမ့်ငြိမ့်လေးနဲ့ သာသာယာယာကလေး ။ သိပ်ကျက်သရေရှိတဲ့အဖွင့်အပြင် အရုပ်ကဒ်တွေကလည်း ဦးမီးပွားက လှအောင်ကိုယူထားပါတယ်။ အခုနောက်ပိုင်း ဦးပွားရဲ့လက်ရာက ဂဏှာမညိမ်ဘူး ။ အခုတစ်ကားရဲ့အရုပ်တွေကလှပြီဆိုရင် နောက်တစ်ကားကျရင် လှချင် မှလှတော့တာ ။ ဒီကားကျတော့ အရုပ်တွေလှတာ သိပ်လှတဲ့ကားထဲမှာပါတယ်။ မန္တလေးသင်္ကြန်ကိုလည်း လှနေအောင်ပြတယ်။ ပြီးတော့ ခမ်းခမ်းနားနားလည်း ရိုက်ပြထားတယ်။

မန္တလေးသင်္ကြန်ရဲ့သင်္ကေတတွေဖြစ်တဲ့ လမ်းသင်္ကြန်တွေ ၊ အလှပြကားတွေ ၊ မြို့မဂီတအဖွဲ့တွေ အကုန်လုံးကို လှလှပပနဲ့ခန့်ခန့်ထည်ထည်ပြထားတာ ။ ကြည့်ရတာ တန်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက တေးဂီတကိုလည်း ချီးကျုးမိတယ်။ ဝမ်းစာပြည့်တယ်ဆိုတာ နောက်ဆုံး ဇာတ်လမ်းကပြချင်တဲ့အကြောင်းအရာဖြစ်တဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့နှစ်ဦးသား သီဆိုကြတဲ့သီချင်းအခန်းမှာ သိပ်ကိုသိသာလွန်းပါတယ်။ အရမ်းကြီး ရောသမမွှေပြီးဆူညံနေတာမျိုးမဟုတ်ပဲ အနောက်တိုင်းသံစဉ်နဲ့ မြန်မာသံစဉ်ကို တစ်ကန့်စီလေးလိုရောပြီး ပြခဲ့တာပါ ။ နှစ်မျိုးလုံးက လည်း အကုန်လုံး နားထောင်လို့ကောင်းနေပြီး နားထဲမှာ ဂီတနှစ်ခုသာ ပုံစံပြောင်းသွားတယ် နားကလောသွားတာမျိုး ဖြစ်မသွားဘူး ။ Smooth ဖြစ်နေပြီး နားထောင်လို့ကောင်းနေတာပါပဲ ။ နားဝင်ချိုတယ် ။ ပြီးတော့ ခမ်းနားတယ် ။ မြန်မာ့ဂီတက ဒီလိုကောင်းတာဆိုတာကို နည်းနည်းလေးနဲ့ထိထိမိမိပြသနိုင်ခဲ့ သလို အဲ့ဒီသီချင်းလေးတွေဟာလည်း နှလုံးသားထဲထိကိုရောက်ခဲ့ပါတယ်။ ပြီးတော့ အိုဗာမဖြစ်တဲ့ ဇာတ်လမ်းလေးကိုလည်း သဘောကျတယ်။

ဇာတ်လမ်းရဲ့နောက်ပိုင်း ဦးကျော်သူနဲ့ စိုးမြတ်သူဇာတို့ ဖုန်းပြောကြတဲ့အခန်းဆိုရင် ကျွန်တော်အပါအဝင် ရုံထဲကလူတွေ သဘောကျပြီးထရယ်ကြတယ်။ အဲ့ဒါ တမင်လုပ်ယူဖန်တီးထားတဲ့ ဟာသမဟုတ်သလို ဟာသ Plot လည်းမဟုတ်ဘူး ။ ဒါပေမယ့် လူတွေ သဘောကျပြီးကိုရယ်မိကြတယ်။ တစ်သက်လုံး ဒီအသံကို ဘယ်တော့မှ မမေ့ဘူးဆိုတာ သိပေမယ့် တစ်ဖက်လူက ပွင့်လင်းနေတာတောင် သူ့မှာဟန်ဆောင်ပြီး မသိချင်ယောင်ဆောင်နေတာ ။ ကျော်သူ သိပ်တော်တာပဲ ။ အဲ့ဒီအိုက်တင်တွေက သူတို့ဘဝမှာ ဘယ်သူက ဘယ်သူ့ကိုဘယ်လောက်အထိချစ်ခဲ့တယ်ဆိုတာ မျက်လုံးနဲ့ မျက်နှာမှာ အထင်းသားပေါ်နေအောင်ကို လုပ်သွားခဲ့တာ ။ ကျော်သူက ဝါရင့်ပီပီ ကိုယ်ချစ်တဲ့ဂီတကို တစ်ဖက်စွန်းရောက်သည်အထိချစ်ပြီး လူ့ထော်လော်ကန့်လန့်လောက်နီးပါးဖြစ်အောင်ကို သရုပ်ဆောင်သွားခဲ့တာ ။ ကျော်သူကိုမြင်တော့ ကျွန်တော် ငါးတန်းနှစ်ကနေ ကိုးတန်းနှစ်ထိ ကျွန်တော့်ကို ဆို ၊ က ၊ ရေး ၊ တီး ပြိုင်တဲ့ ပြိုင်ပွဲ တိုင်းမှာ မဟာဂီတသင်ပေးတဲ့ ဆရာကြီးတစ်ယောက်ကိုသွားပြီးသတိရမိပါတယ်။ အဲ့ဒီတုန်းကလည်း ပင်ကိုယ်သဘာဝ ခပ်အေးအေးလေးနဲ့ စကားတိုးတိုးလေးပဲပြောတဲ့ဆရာက ကျွန်တော် ( နီလစိန် ရောင်ခြည် ) မဟာဂီတကို စုံစည်းလိုက်ရမယ့် နေရာမှာ စည်းဝါး လိုက်မိလိုက်တာနဲ့ ဘီလူးစီးသလိုကိုဆူတာ ။ သိမ်မွေ့တဲ့ သူမဟုတ်တော့သလိုပါပဲ။ ဒီဇာတ်ကားမှာကျော်သူတော်တော်လေးကိုတော်ပါတယ်။

ဒီလိုပဲ အေးမြတ်သူလည်းတော်တယ် ။ ကိုယ်လုပ်ရတာနည်းနည်းလေးကို ကောင်းကောင်းလုပ်သွားခဲ့တယ်။ အခုနောက်ပိုင်း အေးမြတ်သူကို မင်းသမီးတစ်လက်ဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက်လို့ပဲ မြင်လာမိတယ်။ ကိုယ်ကျရာဇာတ်ရုပ်ကို ဗီလိန်ဖြစ်ဖြစ် ၊ ဘာဖြစ်ဖြစ် အကောင်းဆုံးလုပ်သွားတယ်။ ပိုးမမှီသာကိုလည်း ကျွန်တော် ဒီဇာတ်ကားမှာပဲ သူမကိုစသိတာပါ။ သိပ်ကိုမြန်မာဆန်တဲ့ အလှတရားတွေနဲ့ ခပ်ယဉ်ယဉ်ကလေးပဲ သရုပ်ဆောင်သွားခဲ့တာ ။ အစပိုင်း စောင်းလေးပိုက်ပြီးလာတဲ့အခန်းမှာတင် သူမရဲ့ပင်ကိုယ်ဟန်နဲ့တင် ဒီဇာတ်ရုပ်ကလိုက်ဖက်လွန်းတယ်လို့ မှတ်ချက်ပြုမိပါတယ်။ တစ်ချက်တစ်ချက် ခင်ဗျားနဲ့ ကျွန်တော်လို့ သုံးနှုန်းတဲ့လေသံကတော့ နည်းနည်းပျော့လွန်းနေတယ်လို့ မြင်မိတယ် ။ ကျွန်တော် သိပ်ကိုသိမ်မွေ့လွန်းတဲ့ အထက်တန်းစား မန္တလေးသူတွေ အများကြီးနဲ့ရင်းနှီးပါတယ် ။ သူတို့ ဘယ်လောက်ပဲ ချိုသာအောင်ပြောပြော ခင်ဗျားနဲ့ ကျွန်တော်ဆိုတဲ့အသုံးအနှုန်းမှာတော့ အခုလောက်ထိ မညှင်သာဘူး ။ ရန်ကုန်လေသံရောပြီးပြောနေသလားလို့။ စိုင်းစိုင်းလည်း အရင်တုန်းကဇာတ်ကားတွေထက်စာရင် ဒီဇာတ်ကားက ကျွန်တော့်မျက်လုံးထဲမှာတော့ ကြည့်ရတာအဆင်အပြေဆုံးပါပဲ ။ အရင်လောက်ကြီး သိပ်ပြီးတောင့်မနေတော့ဘူး ။ သူ့ရဲ့မျက်နှာပေးလေးတွေလည်းကောင်းလာသလို မျက်လုံးထဲက မုဒ် တွေလည်း တော်တော်လေးကို တိုးတက်လာခဲ့တယ်ဆိုတာ ဒီဇာတ်ကားမှာ သိသာပါတယ်။ စိုင်းစိုင်းသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေအကုန်လုံးထဲမှာမှ ကျွန်တော့်မျက်လုံးထဲမှာတော့ ဒီဇာတ်ကားကအဆင်အပြေဆုံးပါပဲ။ ဒီဇာတ်ကားကိုကြည့်ပြီး နိုင်ငံကျော်မင်းသားကြီးကျော်ဟိန်းက မန္တလေး မစိုးရိမ်ဆရာတော်ကြီးကိုသွားဖူးတဲ့အကြောင်းလေးကိုအမှတ်ရစေပါတယ်။ အဲ့ဒီတုန်းက ဆရာတော်ကြီးက ကျော်ဟိန်းကိုမေးတယ် ( ဒကာကြီးက ဘယ်သူတုန်း ) တဲ့ကျော်ဟိန်းက ( တပည့်တော်ကျော်ဟိန်းပါဘုရား ) လို့ဖြေတော့ ( အေး ကျော်ဟိန်း ဘာအလုပ်အကိုင်များ လုပ်သလဲကွဲ့ )လို့ ဆရာတော်ကြီးက ပြန်မေးပါတယ် ။ တစ်နိုင်ငံလုံးနီးပါး အောင်မြင်နေတဲ့ကျော်ဟိန်းကို ဆရာတော်ကြီးက မသိဘူး။ မသိဘူးဆိုတာ ဆရာတော်ကြီးက ဝိနည်းထိုရ်တာကိုး ….။ ဒီဇာတ်ကားမှာလည်း ဒီလိုလေးတွေ့ရတယ် ။ ဒါကို နည်းနည်းလူ့ဂွစာကျကျကာရိုက်တာလေးနဲ့ တေ့ပေးလိုက်တော့ လူတွေသဘောကျပြီးရယ်ကြတယ်ပေ့ါ…။

 နိဂုံးချုပ်သုံးသပ်ရမယ်ဆိုရင် ကျွန်တော် ဒီဇာတ်ကားလေးကိုကြိုက်ပါတယ်။ စိုင်းစိုင်းက ပိုးမမှီသာကို ( ယုံပြီလား ) လို့ မေးတဲ့အချိန် ပိုးမမှီသာက ခေါင်းအညိမ့် ၊ နောက်ခံတီးလုံးက အချနဲ့ အကုန်လုံးကို အသေးစိပ် နောက်ခံတေးဂီတလေးတွေကို စနစ်ကျကျထည့်ထားခဲ့တာ ။ တကယ်ပဲ Music Film ဇာတ်ကားကောင်းတစ်ကားပါပဲ ။ စိုင်းစိုင်းပြောသွားတဲ့ ဒိုင်ယာလော့ခ်တစ်ခုကိုတော့ သဘောမကျဘူး ။ ( လူတိုင်းလူတိုင်းရဲ့ ရည်းစားဦးတွေတိုင်းလဲ ကွဲကြတာပဲ ) တဲ့ ။ တကယ်ဆို လူတိုင်းမကွဲပါဘူး ။ လူအများစုပဲ ကွဲကြတာပါ ။ ဒီအချက်ကလေးလက်မခံတာရယ် ။ ဝရန်တာ မှာထိုင်ပြီး ပိုးမမှီသာအသဲကွဲတဲ့အခန်းမှာ ( ဘာမှလည်းမပြောချင်တော့ဘူး ၊ ဘာမှလည်းမသိချင်တော့ဘူး ) လို့ ပြောသွားတဲ့ မုဒ်လေး တင်းပြီး အိုက်တင်နည်းနည်း Weak ဖြစ်နေတာကလွဲရင် ကျန်တာအားလုံးကျွန်တော်ကြိုက်ပါတယ်။ ချစ်စရာ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ ။ လေးစားစွာဖြင့်
#Credit
Share on Google Plus

About မြန်မာ့ အကယ်ဒမီ ချစ်သူများ တွေ့ဆုံရာ

    Blogger Comment
    Facebook Comment